တောင်ငူ ဩဂုတ် ၂၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် နည်းပညာတက္ကသိုလ် (တောင်ငူ) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ ဦးတင်သိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်များကို မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ရင့်ကျက်တဲ့ အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်စေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အနေဖြင့် ပညာရေးအဆင့်မြှင့်တင်မှုကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များသည် နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လက်ဆင့်ကမ်းထမ်းဆောင်ရမည့် တာဝန်များရှိကြောင်း၊ ကျောင်းတွင်း စည်းကမ်းများ၊ ကျင့်ဝတ်များ လိုက်နာစောင့်ထိန်းရမည်သာမက ကျောင်းပြင်ပဖြစ်သည့် လုပ်ငန်းခွင်ဝင်ရောက်ချိန်များတွင်လည်း ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူ၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ လေးစားမှု၊ အများအကျိုးဆောင်ရွက်တတ်မှု၊ စည်းကမ်းလိုက်နာမှု စသည့်စံနှုန်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့်၊ မိမိနိုင်ငံဂုဏ်ယူရသူများဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက အမှာစကားပြောကြားရာ၌ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်အတိုင်း လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ခေါင်းဆောင်ကောင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ခေါင်းဆောင်ရာတွင်သာ တော်နေသူ မဟုတ်ဘဲ ကျင့်ဝတ်နှင့်လျော်ညီသည့်ရလဒ်များ ရရှိရန်အတွက် ထိထိရောက်ရောက် ဦးဆောင် ဦးရွက်ပြုနိုင်သူ”ဟု ဖွင့်ဆိုကြပါကြောင်း၊ ကျင့်ဝတ်နှင့်ခေါင်းဆောင်မှုသည် ချိတ်ဆက်လျက်ရှိနေပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူဘဝကတည်းက အဖွဲ့အစည်းနှင့် ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင် ခေါင်းဆောင်အဖြစ်သော်လည်းကောင်း၊ နောက်လိုက်အဖြစ်သော်လည်းကောင်း ပါဝင်ဆောင်ရွက်နေကြရပြီဖြစ်သည့်အတွက် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်များသည် ပြဿနာများကို ဖြေရှင်းရာတွင် တီထွင်ဖန်တီးနိုင်စွမ်းရှိကြပါကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာအသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ မြန်မာစာဌာနမှ ကထိက ဒေါ်ဖြိုးသီရိခိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး မြို့ပြအင်ဂျင်နီယာပထမနှစ် ကျောင်းသား မောင်ရန်နိုင်ထွန်းက “ကျင့်ဝတ်ဆိုသည်မှာဪ”၊ သုတနည်းပညာပထမနှစ်ကျောင်းသား မနန်းနန်းရွှေက “ကျင့်ဝတ်အခန်းကဏ္ဍအရေးပါပုံ”၊ စက်မှုအင်ဂျင်နီယာပထမနှစ် ကျောင်းသား မောင်ရဲမာန်စိုးထက်က “ကျင့်ဝတ်စံနှုန်းများကို မြှင့်တင်ခြင်း”၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာပထမနှစ် ကျောင်းသူမသီရိပန်းအိမ်က “ကျင့်ဝတ်နှင့် လူအသိုက်အဝန်း” ခေါင်စဥ်များဖြင့် အသီးသီးဆွေးနွေးကြသည်။ ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်ကြသည့် သင်တန်းသား သင်တန်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ် (တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အပြန်အလှန်အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)