မင်းဘူး ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ပလပ်စတစ်အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ ပလပ်စတစ်ကင်းစင်စေရေး ဗီနိုင်းပိုစတာကပ်၍ ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထောက်ရှာပင်ဆိပ်ကမ်းရှိ သင်္ဘောများပေါ်နှင့် မြစ်ကမ်းနားတစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မင်းဘူးမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးနှင့် ပလပ်စတစ်အမှိုက်များကင်းစင်ရေးအတွက် အမှိုက်များကောက်၍ သရုပ်ပြခြင်း၊ လူစည်ကားရာနေရာများနှင့် စားသောက်ဆိုင်များတွင် အမှုက်ပုံးများထားရှိပေးခြင်း၊ ဗီနိုင်းပိုစတာများကပ်၍ ပြသပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးကာ ပလပ်စတစ်ကင်းစင်ရေးလုပ်ငန်းများကို လစဉ်၊ လတိုင်းလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။
ဇေယျာထက်(မင်းဘူး)