မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ

မြို့သစ် ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့သစ်မြို့၊ စျေးရပ်ကွက်၊ အခြခံညာမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုသင့်သည့် ကာတွန်း၊ ရုပ်ပြ၊ စာစောင်၊ ပုံပြင်များ၊ မိုးရာသီယခုကာလတွင် ကျောင်းသား၊ ကျောင်းသူများ ဆောင်ရန်၊ ရှောင်ရန်အချက်များသိရှိစေရန်၊ ရာသီဥတုဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးအကြောင်းအရာများနှင့် မှတ်တမ်းဓာတ်ပုံများ ပြသရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)