ပြည် ဩဂုတ် ၂၈
အဆင့်မြင့်ပညာဦးစီးဌာန၊ ပြည်တက္ကသိုလ်နှင့် ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် Mpox(မျောက်ကျောက်) ရောဂါအကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပြည်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များနှင့် သင်ကြား/စီမံအရာရှိများ၊ ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း၅၅၀ ဦးခန့် တက်ရောက်သည်။
ယင်းအသိပညာပေးဟောပြောပွဲအခမ်းအနားတွင် ဦးစွာ ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်သက်ထွန်းက ပြည်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအပါအဝင် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို သိရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဒေါက်တာသဉ္ဇာက "ဝမ်းရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစာများကို စားသောက်မိရာမှတစ်ဆင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်မှု ဖြစ်ပွားရခြင်းအကြောင်းအရင်းအပါအဝင် ရောဂါဖြစ်ပွားလေ့ရှိသည့် ဥတုရာသီနှင့် အဖြစ်များလေ့ရှိသည့် အချိန်ကာလများအကြောင်း၊ ရောဂါလက္ခဏာများအကြောင်းနှင့် ရောဂါမဖြစ်ပွားအောင် လိုက်နာဆောင်ရွက်သင့်သည့် ကျန်းမာရေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအကြောင်း၊ ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများနှင့် ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာန၌ အချိန်မီဆေးကုသမှုခံယူရမည့်အကြောင်းများ" ကို အသိပညာပေးဆွေးနွေးဟောပြောသည်။
ဆက်လက်၍ ပြည်ခရိုင် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာချမ်းသာဇော်က "ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်တွင် Mpox(မျောက်ကျောက်)ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြောညာခဲ့သည့် အကြောင်းအပါအဝင် နိုင်ငံတစ်ဝန်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအကြောင်း၊ အာဖရိကဒေသမှ မျောက်ကျောက်ရောဂါစတင်ဖြစ်ပွားခဲ့မှုအကြောင်းနှင့် ကမ္ဘာ့နိုင်ငံအချို့၌ Mpox(မျောက်ကျောက်) ရောဂါဖြစ်ပွားမှု အခြေအနေများအကြောင်း၊ အဆိုပါရောဂါကူးစက်ပုံနှင့် ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများအကြောင်း၊ ရောဂါပျိုးရက်၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများအကြောင်းတို့ကို ပါဝါပွိုင့်များဖြင့် အသေးစိတ်အသိပညာပေးဆွေးနွေးဟောပြောသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးဆိုင်ရာ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများအပေါ် ဆွေးနွေးဟောပြောသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးကြပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများထံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် Mpox(မျောက်ကျောက်)ရောဂါဆိုင်ရာ ကာကွယ်ရေးနှိုးဆော်ချက်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)