ရှမ်းရွာသစ် ဩဂုတ် ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ မိုးစပါးဖျက်ပိုးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကွီးလေးကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်မောင်က စပါးဖျက်ပိုးများဖြစ်သော ကြွက်နှင့်ခရု အန္တရာယ်မှကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ရေကြီးနစ်မြုပ်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စပါးစိုက်ခင်းများ အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီးနောက် စပါးဖျက်ပိုးအနန္တရာယ်စုပေါင်းကာကွယ်၊ ခရုအန္တရာယ်နှိမ်နင်းနည်းလမ်းများနှင့် စပါးဖျက်ပိုးများပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ တောင်သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။
ထို့နောက် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေထားသော ရေကြီးနစ်မြုပ်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စပါးစိုက်ခင်းများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တောင်သူများ ပိုးသတ်ဆေးပက်ဖြန်းခြင်းဆိုင်ရာ အကြောင်းအရာများကို သိရှိနိုင်ရေးအတွက် စပါးစိုက်ခင်းထဲတွင် ပိုးသတ်ဆေးများပက်ဖြန်းခြင်းကို လက်တွေ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)