ပဲခူး သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင်နှင့်တက္ကသိုလ်များ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆို အလေးပြုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကာ ပြိုင်ပွဲအသင်းများကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ပဲခူးတက္ကသိုလ်အသင်းနှင့် နတ်တလင်းခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင်နှင့်တက္ကသိုလ်များ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား သြဂုတ်လ(၂၇)ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်ကိုယ်စားပြု ပြိုင်ပွဲအသင်း(၆)သင်း၊ တက္ကသိုလ်များကိုယ်စားပြု ပြိုင်ပွဲဝင်အသင်း(၅)သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အသင်း(၁၁)သင်းပါဝင်ကာ အုပ်စု(၄)အုပ်စုခွဲ၍ပတ်လည်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)