ကန်ကြီးထောင့် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဩဂုတ်လ ၂၆ ရက်နေ့ နေ့လယ်(၁)နာရီ အချိန်ခန့်က ပေပင်ကြီးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ပေပင်ကြီး)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်တင်မေသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲ ရှိတတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲအား စတင်ကျင်းပခဲ့ရာ အထက်တန်းပြဆရာမ ဒေါ်ယဉ်ယဉ်စန်း က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး (Grade-11)မှ မလင်းလက်ကြယ်စင်က ယဉ်ကျေးသိမ်မွေ့ မြန်မာ့ဓလေ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-10) မှ မောင်ကောင်းမြတ်သူက စာအုပ်စာပေလူ့မိတ်ဆွေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-10)မှ မဆုဝေထက်က လူငယ်နှင့် ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-7)မှ မဇူလိုင်မိုးပွင့်က လူငယ်နှင့် မိုဘိုင်းဖုန်းသုံးစွဲမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ ရပ်မိ၊ ရပ်ဖ ဦးစံငြိမ်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် အဆိုပါ စကားဝိုင်ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ရပ်မိ/ရပ်ဖ၊ ဆရာမနှင့် ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူးက ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အ.ထ.က (ခွဲ)-ပေပင်ကြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မေဇင်ဖြိုးက ကျေးဇူးတင်စကား ပြောကြားခဲ့ရာ စကားဝိုင်ဆွေးနွေးပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အ.ထ.က(ခွဲ) ပေပင်ကြီးကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)