ကျွန်းလှ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံစိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးရာသီ၌ စိုက်ပျိုးသော မိုးမြေပဲစိုက်ခင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ ကျွန်တော် မိုးမြေကို မေလကစတင်ပြီး (၃) ဧက စိုက်ပျိုးထားပါတယ်။ ဒီနှစ်က မျိုးစေ့ဖိုး၊ လုပ်အားခနဲ့ သွင်းအားစုပစ္စည်းတွေ ဈေးကြီးတော့ တစ်ဧက ငွေကျပ် (၅) ကျော် ခန့်ကုန်ကျပါတယ်။ စိုက်ပျိုးပြီး မိုးရွာသွန်းမှုနည်းသော်လည်း နောက်ပိုင်းမိုးရွာသွန်းခြင်းကြောင့် အခုအခါ အောင်မြင်ဖြစ်ထွန်းနေပါတယ်။ မိုးမြေပဲကို စားသုံးဆီအပြင် ဆောင်းမြေပဲစိုက်ပျိုးဖို့ မျိုးအဖြစ်ထားရှိကြပါတယ်” ဟု မြေပဲစိုက်တောင်သူတစ်ဦးက ပြောသည်။
အဆိုပါ မိုးမြေပဲစိုက်ခင်းများ အောင်မြင်ပြီး အထွက်နှုန်းကောင်းမွန်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက မြေပဲစိုက်ခင်းများအတွင်း ကျရောက်တတ်သည့် ရွက်လိပ်ရွက်ကပ်ပိုး ကျရောက်မှု ကြိုတင်ကာကွယ်ရန်၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေး၊ တမာပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲရန်နှင့် ဘက်စုံကာကွယ်ရေးနည်းစနစ်များ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယာမြေဧက (၄၈၀၀၀) ကျော်ရှိပြီး ယခုနှစ် မိုးရာသီ၌ ဆီထွက်သီးနှံစိုက်ပျိုးရန် ၇၃၁၄ ဧကလျာထားကြောင်း၊ ယနေ့အထိ မြေပဲ ၇၂၄၃ ဧက၊ နှမ်း ၁၁ ဧက၊ နေကြာ ၆၅ ဧက၊ စုစုပေါင်း ၇၃၁၉ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းများအရ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)