ကျုံပျော် သြဂုတ် ၂၇
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ကျုံပျော်ခရိုင်အဆင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၆ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ကျုံပျော်ခရိုင်အဆင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး ဒုရဲမှူးကြီး ခင်မောင်လွင်နှင့် ယာယီအဖွဲ့ဝင် (၁) ဗိုလ်မှူးနေအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ရိုးရာအမွေထိမ်းသိမ်းစို့လေသီချင်းဖြင့် ဟိန်းထက်ဝေယံနှင့်အဖွဲ့က ဂုဏ်ပြုဖျော်ဖြေကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက လူမျိုးတစ်မျိုး၏ တန်ဖိုးနှင့်ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သည့် ယဉ်ကျေးမှုများတွင် အနုပညာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး နယ်ပယ်ပါဝင်ကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို လွှဲပြောင်းယူကြမည့် လူငယ်လူရွယ်များကို ယဉ်ကျေးမှုမပပျောက်အောင်၊ လက်ဆင့်ကမ်း အမွေပေးနိုင်အောင် တစ်နိုင်ငံလုံး လွှမ်းခြုံထိရောက်နိုင်မည့် ယခုလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားပြီး၊ ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်း၊ အတီးတို့ဖြင့် ဧည့်ခံဖျော်ဖြေပြီး ဖွင့်ပွဲကို ကျင်းပခဲ့သည်။
ယင်းနောက် ပြိုင်ပွဲအားဆက်လက်ကျင်းပရာ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ အခြေခံပညာအဆင့် (၁၀-၁၅) အမျိုးသမီးအက၊ ကဗျာလွတ်အက၊ အမျိုးသား ခေတ်ဟောင်း/ကာလပေါ်အဆို၊ မဟာဂီတ အဆိုများဖြင့်၎င်း၊ အခြေခံပညာအဆင့် (၁၅-၂၀) အမျိုးသား ခေတ်ဟောင်း/ကာလပေါ်အဆို၊ ဝါသနာရှင် (ဒုတိယတန်း) အမျိုးသမီးခေတ်ဟောင်း/ကာလပေါ်အဆို၊ ဝါသနာရှင် (ဒုတိယတန်း) နှဲပြိုင်ပွဲ၊ အမျိုးသားပတ္တလားပြိုင်ပွဲ၊ အခြေခံပညာအဆင့် (၁၅-၂၀) အမျိုးသား တစ်ဦးချင်းဆိုင်း ပြိုင်ပွဲ၊ ဝါသနာရှင် (ဒုတိယတန်း) ဆိုင်းပြိုင်ပွဲနှင့် အိုးစည်းအဖွဲ့လိုက်ပြိုင်ပွဲ၊ ဝါသနာရှင် (ပထမတန်း) အမျိုးသားဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲနှင့် ဒုတိယတန်း ဒိုးပတ်အဖွဲ့လိုက် အတီးပြိုင်ပွဲများအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး၊ ဘာသာရပ်အလိုက် ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းနှင့် ပြိုင်ပွဲသို့ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်များ၊ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)