သရက်ချောင်း ဩဂုတ် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၏ ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ခ.မ.ရ(၄၀၃)တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဌေးဇော်ဦးနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ် ပိုမိုထွန်းကားလာစေရန်၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သဖြင့် မြို့နယ်အဆင့်တွင် ပြိုင်ပွဲဝင်ကြမည့် ပြိုင်ပွဲဝင်များအားလုံး ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မြို့နယ်အဆင့်မှသည် ခရိုင်၊ တိုင်းဒေသကြီးအဆင့်၊ နိုင်ငံတော်အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အခြေခံပညာ(၁၀-၁၅)နှစ် သီရိရတနာ၊ မောင့်တိုင်းပြည်၊ မြိုင်ဟေမာ ခေတ်ဟောင်းကာလပေါ် တေးသီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာ (၁၅-၂၀) နှစ် အန္တနငါးဖြာ၊ သန္တုဌီစ ခေတ်ဟောင်းကာလပေါ် တေးသီချင်းများဖြင့်လည်းကောင်း အဆိုရှင်များက အသီးသီး သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်အဆင့်ပြိုင်ပွဲတွင် ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲတွင် ပါဝင်ယှည်ပြိုင်မည့် ဝါသနာရှင်(ဒုတိယတန်း)အဆင့် မောင်ပြည့်စုံဦးက ဂျင်မလေးဂျမ်း သီချင်းဖြင့်လည်းကောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးအဆိုပြိုင်ပွဲအတွက် လူရည်ချွန်ကောင်း သီချင်းဖြင့်လည်းကောင်း၊ ခရိုင်အဆင့် ပြိုင်ပွဲဝင်မည့် အခြေခံပညာအဆင့် မဟာဂီတအဆိုအမျိုးသား (၁၅-၂၀) နှစ်အဆင့် မောင်သူသူချစ်မှ ဆီးနှင်းဖြိုက်ကျ သီချင်းဖြင့်လည်းကောင်း၊ ဂီးဘုတ်ကိုနို င်ဂီတပဒေသာဆိုင်းအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနမှ ယိမ်းအဖွဲ့များက အမျိုးဂုဏ်/ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းများနှင့် ပဒေသာအကများ၊ နှစ်ပါးသွားအကတို့ဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ဆုရရှိသူများနှင့် သီဆိုကပြဖျော်ဖြေခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)