ကျိုက်လတ် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ် (၈) အခြေခံပညာ မူလတန်း (လွန်) ကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက စားသုံးသူအခွင့်အရေးအကြောင်း၊ လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ အာမခံကိစ္စများ၊ စားသောက်ကုန်များနှင့်ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၏အန္တရာယ်များအကြောင်းတို့ကို ဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများကပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ “အသိပညာပေးဟောပြောပွဲ” သို့ ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာစိုး၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူ (၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)