စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ် 3Rs ဖော်ဆောင်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပေါက်ခေါင်း ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကြီးမှူး၍ မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ် 3Rs ဖော်ဆောင်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဦးစွာ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးလှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းအောင်က 3Rs ၏ အဓိပ္ပါယ်ဖြစ်သော (Reduce,Reuse,Recycle) (လျော့ချပါ၊ ပြန်လည်သုံးစွဲပါ၊ ပြန်လည်ပြုပြင်အသုံးပြုပါ) စသည့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းထွန်းနှင့် ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝင်းတို့က ပလပ်စတစ်သုံးစွဲမှုပပျောက်ရေး၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိ‌သော စွန့်ပစ်ပစ္စည်းများနှင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများအကြောင်းနှင့် ဓမ္မသော်တိုက်နယ်ဆရာဝန်ဦးမျိုးမင်းဇော်က မျောက်ကျောက်ရောဂါအကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့သည်။ ဟောပြောပွဲသို့ မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)