နတ်မောက် ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံမိုးနှမ်းလျင်သီးနှံများကို ၂၀၂၄-ခုနှစ် မေလ နောက်ဆုံးပတ်က စိုက်ပျိုးခဲ့ရာ ယခုဩဂုတ်လအတွင်း သီးနှံများရိတ်သိမ်းပြီး ဈေးကွက်သို့ နှမ်းလျင်များ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ဆီထွက်သီးနှံဖြစ်သော နှမ်းလျင်၊ ပင်ထောင်မြေပဲများကို စိုက်ပျိုးခဲ့ရာတွင် နှစ်လနီးပါး မိုးလိုမိုးခေါင်ဖြစ်နေခဲ့ရာ ဇူလိုင်လဒုတိယမှာ ရွာသွန်းခဲ့သည့် မိုးရေဖြင့် မိုးဦးစိုက်သီးနှံများ အစိုဓာတ် ရရှိလာကြောင်း ပင်ထောင်မြေပဲများသည် အပင်များ နွမ်းခြောက်နေရာမှ ဇူလိုင်လရွာသည့် မိုးဖြင့် ပြန်လည်စိမ်းလန်းစိုပြည်သကဲ့သို့ နှမ်းလျင်များလည်း နှမ်းလျင်သီးများ အောင်မြင်အလားအလာကောင်းလာကြောင်း၊ သို့ရာတွင် မိုးလိုမိုးခေါင်မှုကြောင့် အထွက်နှုန်းမှာ (၅၀) ရာခိုင်နှုန်းမှ (၇၅) ရာခိုင်နှုန်းသာရရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ်မှစ၍ ဖြစ်ထွန်းမှုရှိသည့် နှမ်းလျင်များကို ရိတ်သိမ်းလျက်ရှိကြောင်း ဝမ်းဘဲအင်းကျေးရွာ တောင်သူ ကိုကြည်ဝင်းက ပြောသည်။
နုတ်သိမ်းခြွေလှေ့ပြီးသည့် နှမ်းလျင်များကို နတ်မောက်မြို့ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ နှမ်းအဖြူ ထိပ်စ တစ်ပိဿာ (၉၅၀၀) ကျပ်ရောင်းချရပြီး နှမ်းအနီတစ်ပိဿာ (၉၁၀၀)ကျပ်နှုန်းဖြင့် ရောင်းချရကြောင်း ဒေသခံတောင်သူများထံက သိရသည်။
မူမူစန်း