ရွှေတောင်မြို့နယ်တွင် အာဆီယံသပြေပန်းစိုက်ပျိုး၍ မိသားစုဝင်ငွေရရှိ

ရွှေတောင် သြဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် အာဆီယံသပြေ​ပန်းစိုက်ပျိုး၍ မိသားစုဝင်ငွေရရှိကြောင်း သိရသည်။

အာဆီယံသပြေပန်းစိုက်ပျိုးရာတွင် မျိုးပင်များအား မန္တလေးမှ ပျိုးပင်တစ်ပင်လျှင် (၂၅၀) ကျပ်နှုန်းဖြင့် ပျိုးပင် (၅၀၀) မှာယူ၍ စိုက်ပျိုးထားရှိကြောင်း၊ ယခုဆိုလျှင်စိုက်ပျိုးထားတာ(၃) နှစ်ရှိပြီးဖြစ်ကြောင်း၊ စတင်စိုက်ပျိုးချိန်မှ (၆)လအကြာတွင် သပြေပန်းအခက်များခူးရပြီး တစ်စီးလျှင် (၃)ခက်(၄) ခက်စီးရပြီး ဖောက်သည်စျေး (၇၀) ကျပ် ရရှိကြောင်း၊ အာဆီယံသပြေပန်းများကို အညွှန့်ထွက်ရှိအပေါ်မူတည်၍ ( ၃) ရက်တစ်ကြိမ်ခူးရပြီး အစီး(၄၀၀)ကျော်ရရှိကြောင်း၊ မျိုးဖိုးကုန်ကျစရိတ်နှင့် (၁၀) ရက်တစ်ကြိမ် ဖြန်းသည့်ဆေးဖိုး (၅၀၀၀)ကျပ်ခန့်သာကုန်ပြီး တစ်လလျှင် ခန့်မှန်းဝင်ငွေ (၃) သိန်းကျော်ဝင်ငွေရှိပြီး ကုန်ကျစရိတ် သက်သာ၍ နှစ်ရှည်ပင်ဖြစ်ကြောင်း၊ ရရှိလာသော အာဆီယံသပြေပန်းများအား နယ်မြို့များနှင့် ဒေသအတွင်းရောင်းချရ၍ မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း အာဆီယံသပြေပန်း စိုက်ပျိုးတောင်သူ ဦးခင်ဇော်နိုင်ထံမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)