မြို့သစ်မြို့နယ်၌ ဆန်များအား ရည်ညွှန်းစျေးအတိုင်း ပုံမှန်ရောင်းချနိုင်ရန် ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

မြို့သစ် ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စားသုံးဆီဆိုင်များ၊ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်ညွှန်းအမှတ်အသားများပါရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့၊ မြို့မစျေးနှင့် ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့သစ်မြို့နယ်တာဝန်ခံများ ပူးပေါင်းကာ မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များ၊ စားသုံးဆီအရောင်းဆိုင်များသို့ ဝင်ရောက်၍ စားသုံးဆီနှင့် ဆန်များအား ရောင်းချပေးရာ၌ ကုန်းညွန်းအမှတ်အသားများ ကပ်ထားခြင်း ရှိ/မရှိ၊ ဆန်များအား သတ်မှတ်ထားသည့် စျေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် ကွင်းဆင်းစစ်ဆေး၍ ဆီဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)