ဘားအံ ဩဂုတ် ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတို့၏ ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့နယ်၊ ကမော့ကစင်ကျေးရွာ ဥသျှစ်ကုန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ကရင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိသားစုဝင်ငွေ တိုးစီမံကိန်း(၇)ခုကို ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စီမံကိန်း(၄)ခု၊ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စီမံကိန်း(၁)ခု၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (ဘားအံမြို့)မှ စီမံကိန်း(၂)ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးကို ဆောင်ရွက်ပေးခြင်းဖြင့် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်း၊ ထုတ်ကုန်လုပ်ငန်းများ ပေါ်ထွန်းလာခြင်းတို့ကြောင့် မိသားစုဝင်ငွေ တိုးပွားလာပြီး နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ပြီး ဒေသအကျိုး၊ နိုင်ငံအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သည့်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ခန့်က စီမံကိန်းသင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စီမံကိန်းသင်တန်းများ ဆောင်ရွက်ရန် သင်တန်းတစ်မျိုးလျှင်ငွေကျပ် သိန်း(၁၂၀)စီကိုလည်းကောင်း၊ စားသောက်ကုန်သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းသုံး လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း၊ ကျေးရွာစီမံကိန်းကော်မတီ အဖွဲ့ခေါင်းဆောင် များအား စီမံကိန်းအင်္ကျီများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို သင်တန်းသား (၁၀)ဦးဖြင့် ကမော့ကစင်ကျေးရွာ၌ ဩဂုတ်လ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၁၄ ထိလည်းကောင်း၊ အခြေခံတန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို သင်တန်းသား၊သင်တန်းသူ (၁၀)ဦးဖြင့် မြိုင်ကလေးရွာကြီးကျေးရွာ၌ ဩဂုတ် လ ၂၆ ရက်နေ့မှ စက်တင်ဘာလ (၁)ရက်နေ့ထိလည်းကောင်း ကျေးလက်နေမိသားစုဝင်ငွေ တိုးစီမံကိန်းသင်တန်များအဖြစ် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လုပ်ကိုင်ရန် အတွက် သတ်မှတ်ချက်နှင့်ပြည့်စုံသော ထူးချွန်သင်တန်းသား/သင်တန်းသူ(၅)ဦးစီကို ရွေးချယ်၍ တစ်ဦးလျှင် ငွေကျပ်(၁၄)သိန်း တန်ဖိုးနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်းများကို ရင်းနှီးမတည် ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)