ရှမ်းရွာသစ်မြို့ အမှတ်(၃)ရပ်ကွက် မြို့သစ်လမ်း အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ် ဩဂုတ်၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက် မြို့သစ်လမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၄၃၅၀၀၀၀) ဖြင့် အရှည်(၄၁၀)ပေ၊ အကျယ်(၃)ပေ (၆)လက်မ၊ အမြင့်(၄)ပေရှိ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို  သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ရေနုတ်မြောင်းများ ယခင်ကထက် ရေစီးရေလာပိုမို ကောင်းမွန်ပြီး မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပလာကြောင်း  တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)