မကွေး ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ(DMO)များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာနရုံးတွင် Online Virtual စနစ်ဖြင့် ပြုလုပ်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခုနှစ် မြို့နယ်(၂၃)မြို့နယ်တွင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ(DMO)များ ဖွဲ့စည်းထားရှိပြီးသည့်အတွက် မိမိတို့ဒေသတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာများ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် အပြည့်အဝအသုံးချရေးနှင့် ကြီးကြပ်ဌာနများကလည်း အပြည့်အဝအသုံးချစေရေး၊ စည်းကမ်းလိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်ရေး၊ လိုင်စင်မဲ့ဟိုတယ်နှင့် တည်းခိုရိပ်သာများ အရေးယူဆောင်ရွက်ရေး၊ ဒေသအလိုက် ညဈေးတန်းများ စီစဉ်ဖွင့်လှစ်ပြီး ဒေသထွက် MSME လုပ်ငန်းထွက်ကုန်များ ရောင်းချနိုင်ရေး၊ ဒေသအလိုက် (၁၂)လရာသီပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ထူထောင်ထားသည့် စံပြကျေးရွာများအနက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အလားအလာရှိသည့် ကျေးရွာများကို လူထုအခြေပြုခရီးသွားလုပ်ငန်း CBT ဖော်ဆောင်နိုင်ရေး စသည်တို့ကို ကော်မတီဝင်များအနေဖြင့် အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်က ခရီးစဉ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ (DMO) များက ခရီးစဉ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)