မင်းဘူးခရိုင်အဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပ

မင်းဘူး ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မင်းပူးဦးသြဘာသ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မင်းဘူးခရိုင်အဆင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ပြီး မင်းဘူးခရို င်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားအားလုံး အချင်းချင်း ချစ်ကြည်ရင်နှီးမှုနှင့် သွေးစည်ညီညွတ်မှု ပိုမိုခိုင်မြဲရေး၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ဧည့်ခံဖျော်ဖြေရေး အစီအစဉ်များနှင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီးနောက် ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအားလုံးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မင်းဘူးခရိုင်အဆင့်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်များမှ ဝါသနာရှင်အဆင့် ပြိုင်ပွဲဝင်များနှင့်  အခြေခံပညာအဆင့်ကျောင်း များမှ အသက် ၁၀ နှစ်မှ ၂၀ နှစ် အတွင်းရှိ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အဆိုပါ ခရိုင်အဆင့်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆု ရရှိသူများအပြင် ကဗျာလွတ်အဖွဲ့လိုက် အက၊ ခေတ်ဟောင်းတေးနှင့် ကာလပေါ်တေး၊ စန္ဒယား၊ ဆိုင်းအဖွဲ့လိုက်နှင့် ဆိုင်းတစ်ဦးချင်း ပြိုင်ဝင်များက မကွေးတိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားရမည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

မောင်မောင်(ပြန်/ဆက်)