တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် ဥပဒေအသိ ပညာပေးဟောပြောပွဲ တက်ရောက်၊ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် သင်ကြားသင်ယူဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေး

မြိတ် ဩဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက  မြိတ်တက္ကသိုလ်ဘွဲ့နှင်သဘင်ခန်းမတွင် ကျောင်းသား/သူများ ဥပဒေအသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် ကျင်းပသည့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် မြိတ်တက္ကသိုလ်တို့ ပူးပေါင်း ဆောင်ရွက်သော ဥပဒေအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်တစ်ခု ဖြစ်သည့်အပြင် နိုင်ငံအတွင်း နေထိုင်ကြသည့် နိုင်ငံသားများ၊ ပြည်သူများ မဖြစ်မနေ သိရှိလိုက်နာ စောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက်များဖြစ်ကြောင်း၊  နိုင်ငံကိုစစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေး နိုင်ရေးနှင့် ဥပဒေအသိပညာပေးရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်တဲ့အတွက် လူတိုင်းအနေဖြင့် ဥပဒေပညာရှင် မဖြစ်နိုင်သော်လည်း ဥပဒေကို သိရှိနားလည်မှသာ လူမှုဘဝများတွင် အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ဟောပြောဆွေးနွေး မှုများကို မှတ်သားလေ့လာပြီး မိမိတို့ရဲ့ ရင်သွေးကျောင်းသား/သူများကို လက်ဆင့်ကမ်းပို့ချရမှာ ဖြစ်သလို ကျောင်းသား/သူများအနေနှင့်လည်း ဥပဒေ၊ စည်းကမ်းတို့ကို မှတ်သားပြီး လိုက်နာ ဆောင်ရွက်ကြခြင်းဖြင့် ကျောင်းသား/သူများသည် ကျောင်းပညာရေးအပြင် အမျိုးသားရေး စိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံကောင်းများကို ရရှိမည်ဖြစ်ပြီး စည်းကမ်းကို လေးစားတန်ဖိုးထားတတ်သည့် နိုင်ငံသားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က ဝန်ကြီးချုပ်အား မြိတ်တက္ကသိုလ် ကျောက်စီပန်းချီကား အမှတ်တရ လက်ဆောင်ပေးအပ်သည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းက ရာဇသတ်ကြီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေတို့ကို အသိပညာပေး ဟောပြော ဆွေးနွေးသည်။

ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ/မများအား တွေ့ဆုံခဲ့ရာ ကျောင်းအုပ်ကြီး ဦးတင်မောင်ဆွေက ကိုယ်ပိုင်ကျောင်း၏ သင်ကြားသင်ယူဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထိုနောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းသား/သူ ကလေးငယ်များ၏ အနာဂတ်လိုအပ်ချက်များအားလုံးသည် ဆရာ/မများအပေါ်မူတည်နေပြီး ကလေးငယ်များ ပညာအရာတွင် တော်ရုံသာမက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်အောင်၊  လူတော်လူကောင်းများဖြစ် အောင်ကြိုးပမ်းပြီးသင်ကြား ဆောင်ရွက်ပေးကြစေလိုကြောင်း လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာသင်ခန်းများတွင် ကျောင်းသား/ သူများအား သင်ကြားသင်ယူဆောင်ရွက်ပေးနေမှုများ၊ သိပ္ပံလက်တွေ့ခန်း၊ ကွန်ပျူတာ လက်တွေ့ခန်း၊ ကျောင်းစာကြည့်တိုက်၊ Languague Lab နှင့် အနုပညာအခန်းတို့တွင် ကျောင်းသား/သူများ သင်ကြားသင်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)