ပေါင်းတည်မြို့နယ်၌ စာအုပ်စာစောင်နှင့်အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ပေါင်းတည် သြဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲပြုလုပ်သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်း၀င်လာပြီး စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကောင်းပေမွန်များ၏တန်ဖိုးကိုသိရှိလာပြီး စာပေချစ်မြတ်နိုးတတ်လာစေရန်နှင့် ဗဟုသုတများကြွယ်ဝပြည့်စုံလျက် နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်​ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် နိုင်ငံနှင့်ပြည်သူအကျိုးပြု အသိပညာပေး သုတ၊ ရသစာကောင်းပေမွန်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးနှင့် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသထားပြီး အ.ထ.က (မင်းကွက်) ကျောင်းသား၊ ကျောင်းသူများနှင့် စာငှားစာဖတ်ပြည်သူမျာ းကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက် )