ပန်းတောင်း သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် သာသနာပြု အမတော်မမြစိမ်း၏ နန်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနား ပထမပိုင်း အစီအစဉ်အရ နဂါးဓမ္မာရုံတွင် အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များသည် ဩဝါဒစရိယဆရာတော်ကြီးများထံ ငါးပါးသီလ ခံယူဆောက်တည်ကာ ရေစက်သွန်းချ အခမ်းအနား ပြုလုပ်ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲဝင်များမှ နန်းဆောင်သစ်အတွက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်မြတ်စန္ဒာ၊ ရွှေနဂါးအမေစောတို့မှ အမတော်မမြစိမ်းအား ရွှေပုဝါခြုံထည် ဆင်မြန်းပေးခဲ့သည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်း အစီအစဉ်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နိူင်ငံတော် ရွှေတံဆိပ်ဆုရှင် စန္ဒယားဝေယံလင်း တေးဂီတအဖွဲ့မှ ဖျော်ဖြေတင်ဆက်ခဲ့သည်။ ၎င်းနောက် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ခေါင်းဆောင် ဦးတင်လှိုင်မှ နန်းဆောင်သစ် တည်ဆောက်ရခြင်းဆိုင်ရာကိစ္စများ တင်ပြခဲ့ပြီးနောက် အမတော်မမြစိမ်း နန်းဆောင်သစ် အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ရဲမှူးသန်းလွင်၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးအောင်သက်တင်တို့မှ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ တေးဂီတအဖွဲ့မှ ဖျော်ဖြေဧည့်ခံပြီး သာယာဝေစီဖိုးဦးတောင်စေတီ တေးစီးရီးရေးစပ်သီကုံးသူ ဆရာကြီး ဦးသိန်းမြင်နှင့် ဦးရွှေထွန်းတို့ကို ဖိုးဦးတောင်စေတီတော်ဂေါပကအဖွဲ့ခေါင်းဆောင် ဦးချစ်သန်းမှ ဉာဏ်ပူဇော်ခကိုလည်းကောင်း၊ နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် စန္ဒယားဝေယံလင်းအား ရွှေဘုံသာဂေါပကအဖွဲ့ဝင် ဦးဝင်းကြူမှ ဂုဏ်ပြုဆုငွေကိုလည်းကောင်း၊ သာယာဝေစီဖိုးဦးတောင်စေတီတေးစီးရီးဦးဆောင်စီစဉ်တင်ဆက်သူ ဖိုးဦးတောင်ဂေါပကအဖွဲ့နာယက ဦးတင်လှိုင်နှင့် ဆရာဦးသိန်းမြင့် (ပေါက်ခေါင်း)တို့အား ဖိုးဦးတောင်ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်မှလည်းကောင်း ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)