ထားဝယ် ဩဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လက်ထောက်မီးသတ်ဦးစီးမှူး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက မီးသတ်တပ်ဖွဲ့၏အရာရှိငယ်ခေါင်းဆောင်ငယ်များအနေဖြင့် မီးသတ်ပညာနှင့်ပတ်သက်ပြီး ပြည့်စုံသည်ထက်ပြည့်စုံအောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်အတိုင်း ပြောင်းလဲတိုးတက်နေသော နည်းပညာရပ်များကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်အောင် စဉ်ဆက်မပြတ်လေ့လာနေရန်လိုအပ်ကြောင်း၊ မိမိအဖွဲ့အစည်းက အားကိုးရသောခေါင်းဆောင်ဖြစ်အောင် အရည်အသွေးများကို တိုးတက်နေအောင် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်များအနေဖြင့် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝနေရန်လိုအပ်ပြီးမိမိဦးဆောင်မည့်တပ်ဖွဲ့၏လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် သက်သာချောင်ချိရေးအုပ်ချုပ်မှုကိစ္စမှန်သမျှကို မှန်ကန်စွာဖြင့် ဦးဆောင်ပြီး စီမံခန့်ခွဲကြရမှာဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် လက်ထောက်မီးသတ်ဦးစီးမှူး သင်တန်းသား/သူ(၈)ဦးအား ဩဂုတ် ၂၆ ရက်နေ့မှ နိုဝင်ဘာ ၁၄ရက်နေ့ အထိ သင်တန်းကာလ ၃ လကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)