ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိသားစုနေ့စဉ် ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးရေးလုပ်ငန်း အားထားလုပ်ကိုင်

ပွင့်ဖြူ ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး နေ့စဉ်မိသားစုဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။ 

ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မုန်းချောင်းရေနဲ့ မြေအောက်ရေကို စနစ်တကျ အသုံးချပြီးတော့ နေ့စဉ်မိသားစုဝင်ငွေရရှိတဲ့ ဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပါတယ်။ ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရာမှာ စားသုံးပြည်သူတွေ အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနရဲ့ ကြီးကြပ်မှုနဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)စနစ်နဲ့ စနစ်တကျ စိုက်ပျိုးတာဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ တောင်သူတွေ အဓိကစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်သီးနှံတွေကတော့ ခရမ်းချဉ်၊ ခရမ်းစိမ်း၊ ခရမ်းညို၊ ပန်းမုံလာ၊ မုံလာဥဖြူ၊ ကိုက်လံ၊ ကြက်ဟင်းခါး၊ ရွှေဖရုံ၊ ဘူး၊ သခွါး၊ ပိန်းဥ၊ အာလူး၊ ကြက်သွန်၊ ငရုတ်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ဆူးပုပ်နှင့် ဗုံလုံသီး (ခေါ်) ပဲရှည်သီးစတဲ့သီးနှံတွေ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းက မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိတာကြောင့် စီးပွားရေး တွက်ခြေကိုက်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် ဟင်းသီးဟင်းရွက်သီးနှံစုံ ၉၁၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၉၀၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများကို မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ ပိုးမွှားရောဂါ မကျရောက်စေရေး သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်အောင် အသိပညာပေးခြင်း၊ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) နည်းပညာများ သရုပ်ပြသပေးခြင်းတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)