သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်

သံတောင်ကြီး ဩဂုတ် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်နှင့် လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ စွန့်စားမှုဆီသို့ခြေတစ်လှမ်းစာအုပ်အား နေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး နော်နီလာအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး နော်မေရီ (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာ ခေါင်းစဉ်ငယ်များဖြစ်သည့် လမ်းလျှောက်ထွက်ကြမယ်၊ သိုက်မြုံမှခွာသောအခါ၊ လျှို့ဝှက်ဆန်းကြယ်လပြည့်ညဝယ်၊ မျှော်လင့်ချက်၊ လူတန်းစားအလွှာမခြားနားစေရန် စသည့်အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး နော်ကလိုမူး (Youth Club) အဖွဲ့ဝင်က ရှင်သန်တိုးပွားချစ်ခြင်းတရား၊ စွန့်စားမှုဆီသို့ခြေတစ်လှမ်း၊ နာမည်တော်မရှိတဲ့သူရယ်၊ ခဏလောက်စောင့်ပါအုံး၊ အမှတ်တရအချိန်များ စသည့် အကြောင်းအရာများ ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသော (Book Club/Youth Club) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဖတ်ကြားဆွေးနွေး ခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)