ဟိုင်းကြီးကျွန်းမြို့၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးဟောပြောပွဲများကျင်းပ

ဟိုင်းကြီးကျွန်း ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က ကံချိုင်ကျေးရွာအုပ်စု၊ ကံချိုင်ရွာ၌ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံမှ ရပ်ကွက်ကျေးရွာအတွင်းရှိ မိဘပြည်သူများအနေဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ အလေးထား ဂရုစိုက်ကြစေလိုကြောင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားသည်နှင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ကြရန်နှင့် အစားအစာသန့်ရှင်းရေး၊ သောက်သုံးရေသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးတို့ကို ဂရုပြုဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက်ကျောက်ချောင်း တိုက်နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ဦးသက်စိုးမှ ဝမ်းပျက်ဝမ်းလျောရောဂါနှင့်ပတ်သက်သော သိမှတ်ဖွယ်ရာများ၊ ဆောင်ရန်ရှောင်ရန်များ၊ ရောဂါလက္ခဏာများနှင့်မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာပေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးခဲ့သည်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့်အဖွဲ့သည် ကျေးရွာအတွင်းရှိ ရေတွင်း ရေကန်များအား ကလိုရင်းဆေးခပ်ခြင်း၊ ယင်လုံအိမ်သာများ စနစ်တကျဆောက်လုပ်ထားခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်း၊ ယင်လုံအိမ်သာ ပတ်ဝန်းကျင်များအား ထုံးဖြူးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်