မင်းဘူး ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၌ မိုးစပါး ဧက ၄၀၉၃၂ ဧက လျာထားစိုက်ပျိုးကာ ၃၉၇၉၁ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် မိုးကောင်းရေသောက်စနစ်၊ ဆိုလာလျှပ်စစ်ရေတင်စနစ်၊ ဆည်ရေသောက်စနစ်များဖြင့် နည်းမျိုးစုံစိုက်ပျိုးကြပြီး စပါးအထွက်နှုန်းကောင်းစေရန်အတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ ဓါတ်မြေဩဇာ အချိုးကျသုံးစွဲရေး၊ ပိုးမွှားရောဂါကာကွယ်တားဆီးရေးနှင့် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံရှင်းလင်းခြင်း၊ နည်းပညာပေးသင်တန်းများဖြင့် ပို့ချသင်ကြားပေးခြင်း၊ စိုက်ကွင်းများသို့ ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာတွင် ဈေးကွက်ဝင်၍ အရည်အသွေးကောင်း စပါးမျိုးများဖြစ်သော မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ပခန်းရွှေဝါ၊ ဆာဖိုးသာ၊ GW11 စပါးမျိုးများအပြင် ရက် ၉၀ စပါးများကိုလည်း စိုက်ပျိုးထားကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူက ပြောကြားခဲ့သည်။
ဇေယျာထက်(မင်းဘူး)