တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့ ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ တက်ရောက်

မြိတ် ဩဂုတ်၂၅

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့ ကန်စွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲတက်ရောက်ခဲ့ကြရာ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ကန်စွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်း ဂီတအနုပညာ သင်တန်းသား/သူများမှ  “အနာဂတ်ပျိုးခင်း ကျောင်းကန်စွန်းအင်း”  နှင့် “ချမ်းမြေ့ပါစေ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပညာရေးသည် နိုင်ငံသား တစ်ဦးချင်းစီ၏ ဘဝအဆင့်အတန်း တိုးတက်မြင့်မားစေရန် အခွင့်အလမ်းများစွာဖန်တီးပေး၍ မိမိတို့ရပ်ရွာဒေသ အသိုင်းအဝန်းတွင် အောင်မြင်မှုများဖြစ်စေပြီး အမျိုးသားလူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း အထောက်အကူဖြစ်စေကြောင်း၊ ဒေသတစ်ခု၏ ပညာရေးတိုးတက်ဖွံ့ဖြိုးမှုကို တိုင်းတာသည့်အခါတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးသည်လည်း အချက်တစ်ချက်အနေနဲ့ ထည့်သွင်းစဉ်းစားရပြီး ယနေ့လူငယ်များအတွက် များပြား လှသည့် အသိပညာတွေကို တစ်ဆင့်တက်ပြီး လေ့လာသင်ယူနိုင်ဖို့အတွက် အရေးကြီးကြောင်း၊

ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်လင်းလင်းပိုင်သည် STEAM-2 (သိပ္ပံတွဲ)တွင် မြန်မာတစ်နိုင်ငံလုံး၌ အမှတ်ပေါင်း (၅၂၁)မှတ်ဖြင့် ပထမရရှိခဲ့သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ နောင်နှစ်တွေမှာလည်း ထူးချွန်သူ များပိုမိုများပြားလာအောင် ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ မှာကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရ အနေနဲ့ ထူးချွန်သူများနှင့် သင်ယူရန် အခက်အခဲရှိသူများကို ပညာသင်ထောက်ပံ့ကြေး၊ ပညာသင်ဆုများ ချီးမြှင့်ပြီး လူရည်ချွန်မောင်မယ်များကိုလည်း မွေးထုတ်ပေးလျက်ရှိကြောင်း၊ ထိုနည်းတူ  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်ကြ တဲ့ ကျောင်းသား/သူတွေကို နှစ်စဉ် ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးလျက်ရှိကြောင်း ပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူး ဦးဝင်းနောင်က ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုစကားပြောကြားပြီး ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဒေါ်တင်တင်ထွေးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် STEAM-2 (ဝိပ္ပံတွဲ)တွင် မြန်မာတစ်နိုင်ငံလုံး၌ ပထမရရှိခဲ့သည့် ကျောင်းသားအပါအဝင်(၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၂၄)ဦးတို့ကို ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကန်စွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်း ဂီတအနုပညာ သင်တန်းသား/သူများမှ  ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၌ ဖြေဆိုသူ(၂၄၉၃)ဦးရှိပြီး အောင်မြင်သူ(၁၂၀၆)ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၄၈.၃၈)ရာခိုင်နှုန်းရှိ၍ ကန်စွန်း အင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် အောင်ချက်ရာခိုင်နှုန်း(၈၅.၀၇)ရာခိုင်နှုန်းရှိ၍ STEAM-2 (ဝိပ္ပံတွဲ)တွင် ‌ မြန်မာတစ်နိုင်ငံလုံး၌ ပထမရရှိခဲ့သည့် ကျောင်းသားအပါအဝင် (၆)ဘာသာ ဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၂၄)ဦးသည် ထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)