ပေါင်းတည်မြို့နယ် အ-ထ-က(မြို့မ)၌ မိုးရာသီ ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပေါင်းတည် ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) အားကစားကွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပသည်။

ထို နောက်ဆုံးဗိုလ်ပွဲတွင် ကျန်စစ်သားအသင်းနှင့် ဗန္ဓုလအသင်းတို့အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ကျန်စစ်သားအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်းသိရသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဌေးကပြိုင်ပွဲဝင် ကျောင်းသား အားကစားသမားများကို  အမှာစကားပြောကြားသည်။ ထိုသို့ပြောကြားရာ၌ ကျောင်းသား၊ကျောင်းသူများ ဘက်စုံထူးချွန်၍ ဗလငါးတန် ဖွံ့ဖြိုးလာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အားကစားစိတ်ဓာတ် ရင့်သန်လာစေရန်၊ ကျန်းမာကြံ့ခိုင်လာစေရန်နှင့် နိုင်ငံကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျောင်းကောင်စီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတစ်လျှောက် အားကစားစိတ်ဓာတ်ဖြင့် တက်ညီလက်ညီစည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲများ အောင်မြင်စွာပြီးဆုံးခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း ပြောကြားသည်။

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည်သီချင်းနှင့်အတူ ကျောင်းသူလေးများက ပန်ပွားအကဖြင့်လည်းကောင်း၊ အေရိုးဗစ် အကအလှများဖြင့်လည်းကောင်း ဂုဏ်ပြုဖျော်ဖြေကြပြီး ပြိုင်ပွဲ၌ပထမဆုရ ကျန်စစ်သားအသင်းနှင့်ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရအသင်းများ၊ တစ်ဦးချင်းထူးချွန်ဆုများကို ကျောင်းအုပ်ဆရာမကြီးနှင့်တကွ တာဝန်ရှိသူများကအသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်၊၊

ရွှေသား(ပြန်/ဆက် )