ကြံခင်းမြို့နယ်(အ.ထ.က)ဘက်ရဲကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ကြံခင်း ဩဂုတ် ၂၅

ကျောင်းသား လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန်၊ ပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ဉာဏ်ရည်ထက်မြက်ပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့်လူငယ်များစွာ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဘက်ရဲမြို့ (အ.ထ.က) ဘက်ရဲကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိတေဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက လူငယ်၊ လူရွယ်များ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများဖြင့်ပြည့်စုံပြီး၊ ဘက်စုံထူးချွန်သောအနာဂတ်မျိုးဆက်သစ်ပညာ တတ်လူငယ်များဖြစ်လာစေရေး၊ တိုင်းပြည်အတွက်အားထားရသော လူငယ်များဖြစ်လာအောင် ကြိုးစားကြရန်ပြောကြားပြီးနောက်၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်းများကျင်းပရခြင်း၏ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး  လူငယ်စကားဝိုင်းကျင်းပရာ  ဦးဆောင်ဆွေးနွေးသူအဖြစ်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့်  သုံးသပ်ဆွေးနွေးသူအဖြစ် (အ.ထ.က) ဘက်ရဲကျောင်းအုပ်ဆရာကြီးဦးခိုင်မျိုးဇင်တို့နှင့်အတူ   ပါဝင်ဆွေးနွေးကြသော (G-11)ကျောင်းသားမောင်စွမ်းထက်နိုင်က “လူငယ်နှင့်မူးယစ်ဆေး”၊ (G-10)ကျောင်းသူ မအိကြယ်စင်ဖွေးက “လူငယ်နှင့်ကျန်းမာ ရေး”၊  (G-9)ကျောင်းသူ မယောဟဏီသွင်က “စာကြည့်တိုက်မှာပညာရှာ” နှင့်(G-8)ကျောင်းသား  မောင်သက်ပိုင်ဖြိုးက “လူငယ်နှင့်ဇွဲ၊လုံ့လ” ခေါင်းစဉ်များဖြင့်  အသီးသီးဆွေးနွေးကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက  ဆွေးနွေးသွားသော ခေါင်းစဉ်များနှင့်ပတ်သက်၍  သိရှိလိုသောအချက်များအား မေးမြန်းကြရာ  လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသော ကျောင်းသား၊ ကျောင်းသူများက  ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး၊  တာဝန်ရှိသူများက  လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရ လက်ဆောင်များ  ပေး အပ်ကြကာ  (အ.ထ.က) ဘက်ရဲကျောင်းအုပ်ဆရာကြီးဦးခိုင်မျိုးဇင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးဦးအောင်ကိုကို၊ မြို့နယ်ဌာနဆိုင်ရာများ၊ (အ.ထ.က) ဘက်ရဲကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူ(၄၆၀)ဦး တက်ရောက်ကြကြောင်းနှင့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသထားခြင်းကို စိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)