မြောင်းမြမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မြောင်းမြ သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အ.ထ.က(၁)ပညာရတနာခန်းမတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 အခမ်းအနားတွင် သူနာပြုသင်တန်းကျောင်းမှ ကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။ ထို့နောက် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး စာပေပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား/သူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး စာပေဟောပြောပွဲကျင်းပရာ စာရေးဆရာအက္ခရာ(မြောင်းမြ)က “ ရွေးချယ်ဆုံးဖြတ်သင့်အနာဂတ်”နှင့် စာရေးဆရာလရောင်လင်း(မြန်မာ့ဂုဏ်ရည်)က “ ဘဝနှင့်ပညာ” ခေါင်းစဥ်များဖြင့် ဟောပြောခဲ့သည်။ ယင်းနောက် မြောင်းမြခရိုင်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား/ ကျောင်းသူများက တေးသရုပ်ဖော်အက၊ အလှ၊ ပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့သည်။

အဆိုပါ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ မြောင်းမြခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)