မုံရွာ သြဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသူ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဓန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်များ က ငါးပါးသီလခံ ယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက် ထားခဲ့သည်။
အဆိုပါ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော် ၄၀ ပါးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်-၁၃ အိတ်၊ ဆီ -၂၄ ပိဿာ၊ ဆား - ၁၀ ပိဿာ၊ ပဲ - ၂၄ ပိဿာတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)