ကော့သောင်းမြို့တွင် ဥပဒေအသိပညာပေးသင်တန်းအမှတ်စဉ် (၂/၂၀၂၄)ဖွင့်လှစ်

ကော့သောင်း ဩဂုတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊   ကော့သောင်းခရိုင်၊  ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့်ပညာရေး ဌာနတို့ပူးပေါင်းဆောင်ရွက်သည့် ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက  ကော့သောင်းမြို့  မဉ္ဇူသက ခန်းမတွင်  ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဥပဒေချုပ်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးမှတာဝန်ရှိသူများ၊ သင်တန်းသားကျောင်းသူ ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။

အဆိုပါ ဥပဒေအသိပညာပေးသင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားတွင်   တနင်္သာရီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်၊ တနင်္သာရီ တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းက “ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် အများပြည်သူအတွက် တရားမျှတမှုနှင့်ဥပဒေဝန်ဆောင်မှုပေးရေး၊ ဥပဒေ အသိပညာပြန့်ပွားရေးတို့ကို ရည်ရွယ်လျက် မဟာဗျူဟာစီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့တွင် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်းကို နေပြည်တော်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းကျောင်းတွင် ဥပဒေဘာသာရပ်ခွဲပေါင်းများစွာကို လုပ်ငန်းနယ်ပယ်အသီးသီးတွင် လက်တွေ့ဆောင်ရွက်လျက်ရှိကြသည့် သင်တန်းဆရာများက စာတွေ့လက်တွေ့သင်ကြားပိုချပေးမည် ဖြစ်သည့် အတွက်လက်တွေ့အသုံးချနိုင်သည့် ဥပဒေအယူအဆများ၊ စည်းမျဉ်းများနှင့်အပြည်ပြည်ဆိုင်ရာ ကျင့်ဝတ်များကို ဥပဒေဘွဲ့ရများသာမက၊ အလုပ်သင်ရှေ့နေများ၊ အထက်တန်းရှေ့နေများ၊ တရားလွတ်တော်ရှေ့နေများနှင့်ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများပါ တက်ရောက်သင်ကြား နိုင်မည့်အခွင့်အလမ်း ရရှိမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းဖွင့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်မှ ဥပ‌ဒေအသိပညာပြန့်ပွားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ပို့ချနိုင်ရန် ဆရာ၊ဆရာမများအား ဥပဒေအသိပညာပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်များနှင့်အညီ အသိပညာပေးလုပ်ငန်းများကို တိုင်း‌ဒေသကြီး/ ပြည်နယ်များအလိုက်ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဥပဒေ အသိပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)ကို ထားဝယ်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကော့သောင်းမြို့တွင် အမှတ်စဉ် (၂/၂၀၂၄) ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့တွင်လည်း အသိပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ဥပဒေအသိပညာပေးသင်တန်းတွင် ဥပဒေဆိုင်ရာသိကောင်းစရာများကို ပြည်သူများအကြားပျံ့နှံ့စေရန်ရည်ရွယ်၍ ကျောင်းသား၊ကျောင်းသူများကို တဆင့်ပြန်လည် သင်ကြားပို့ချပေးရန် (TOT- Traing Of Trainers)ပုံစံဖြင့်ဆရာ၊ဆရာမများကို အဓိကထား ဟောပြောပို့ချသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဥပဒေအသိပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄)အား ဆက်လက်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်း‌ဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ရာဇသတ်ကြီး၊   ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိတိုလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေအရာရှိဦးညွှန့်လွင်က “The Prevention and Suppression of Trafficking in Preson Law” လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေနှင့် သိမှတ်ဖွယ်ရာဥပဒေဗဟုသုတများကို ဟောပြောပို့ချခဲ့ကြပြီး အဆိုပါသင်တန်းသို့ ကော့သောင်းမြို့အတွင်းရှိအခြေခံပညာကျောင်းများမှ သင်တန်းသား ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများအသီးသီး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)