လွိုင်ကော် သြဂုတ် ၂၄
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ၌ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်ဓာတ်အား သွယ်တန်းနေမှုများ၊ နှစ်ထပ်ဈေးနှင့် ဗဟိုဈေးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မည့်လုပ်ငန်းများ ၊ ဝန်ထမ်းများ ပြန်လည်နေထိုင်နိုင်ရေးအတွက် စုပေါင်းဝန်ထမ်းအိမ်ရာပြင်ဆင်နေမှုများနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များအတွင်း ပြည်သူများပြန်လည်ဝင်ရောက်နေထိုင်ရာတွင် လျှပ်စစ်မီးအမြန်ပြန်လည်ရရှိရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်သို့သွားရောက်ခဲ့ရာ ဈေးပိုင်း ၊ ဓမ္မာရုံ ၊ မင်္ဂလာရပ်ကွက် အတွင်း၌ 11 KV ဓာတ်အားလိုင်း(၁၁၀၀)ပေ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး (၄၈)နာရီအတွင်း လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်ဝန်ထမ်းများက ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက် ပေးနေမှုနှင့် ထရန်စဖော်မာ တပ်ဆင်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်ခဲ့မှုကြောင့်ပျက်စီးသွားသည့် နှစ်ထပ်ဈေးနှင့်ဗဟိုဈေးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအဆင်ပြေချောမွေ့စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ဈေးဆိုင်ခန်းများအား အမြန်ပြန်လည်ပြုပြင်နိုင်ရေး၊ နှစ်ထပ်ဈေး အောက်ထပ်ရှိ ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး နှင့် GEC ဆိုင်ခန်းများ ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယား(က)ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာသို့သွားရောက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများအား ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအမြန်ဆုံးပြန်လည် နေထိုင်နိုင်ရေးအတွက် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ကာ ပြန်လည်ပြင်ဆင်နေသည့် တိုက်ခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် နမ့်ကွတ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့သွားရောက်၍ ကျောင်းဝန်းအတွင်း ဌာနဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအတွင်းရှိ ဆောက်လုပ်ဆဲ ဝန်ထမ်းအိမ်ရာတွင် လိုအပ်လျက်ရှိသည့် အမိုး ၊ မျက်နှာကြက် ၊ တံခါးများ တပ်ဆင်ခြင်း ၊ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ရေရရှိရေးလုပ်ငန်းများ၊ ကျောင်းသား ၊ ကျောင်းသူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေသန့်စက်တပ်ဆင်ခြင်းကို ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကာ ဆရာ ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်တန်းသာသနာပြု ဗဟိုတပ်ဦးကျောင်းပရိဝုဏ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်ပြန်ပြည်သူများ အဆင်ပြေအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ရေ ၊ မီးရရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အားသွန်ခွန် စိုက်ဆောင်ရွက်ပေးလျက်ရှိကာ ယခုအခါမြို့ပေါ်(၁၂)ရပ်ကွက်တွင် လမ်းမီးနှင့် လျှပ်စစ်မီး အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ရပ်ကွက်များ၌ လျှပ်စစ်မီးများ အမြန်ဆုံးပြန်လည်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်