ဘားအံ ဩဂုတ် ၂၄
ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင် ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ရဲသာရွာသစ် အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်း၊ ရဲသာကျေးရွာ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်း၊ ကမော့ကစင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တော်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ဒုံရင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် အဆိုပါအထက်တန်းကျောင်းတွင် တွဲဘက်ဖွင့်လှစ်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၈၀ ကျော်ဖြင့် ယာဉ်ယန္တရားများအသုံးပြု၍ သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ စွန့်ပစ်ပလက်စတစ်နှင့် အမှိုက်များ ဖယ်ရှားခြင်း၊ ရေမြောင်းများရေစီးရေလာကောင်းမွန် စေရေးဆောင်ရွက်ခြင်း အစရှိသည့်စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းများ၌ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ၊ သန့်စင်ခန်းများ ပြည်စုံလုံလောက်မှု ရှိ/မရှိ လှည့်လည်ကြည့်ရှုစစ်ဆေးကာ စာသင်ကျောင်းများအား သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန်မှာကြား၍ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်အတွင်း ဇူလိုင်လ တတိယအပတ်နှင့် ဩဂုတ်လအစောပိုင်းတို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မြစ်ရေချောင်းရေများ စံချိန်တင်မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ စိုက်ပျိုးပြီး မိုးစပါးများရေကြီးနစ်မြုပ်ကာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တော်ပုံကျေးရွာအုပ်စုအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအား တောင်သူများမှ ပြန်လည်စိုက်ပျိုးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြီးရေလျှံမှုကြောင့် ထိခိုက်သွားသော လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ တောင်သူဦးဟုတ်စိန်၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် တောင်သူများစုပေါင်း သဘာဝမြေဩဇာနှင့် ယူရီးယားဓာတ်မြေဩဇာ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး ကော့ထမလိန်းကျေးရွာတွင် ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအား ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာ စခန်း(ဘားအံမြို့)မှ ထွန်စက်ကြီးများနှင့် တောင်သူများ၏ လက်တွန်းထွန်စက်ငယ်များဖြင့် စုပေါင်းထွန်ယက် နေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ တောင်သူများနှင့် တွေ့ဆုံပြီး ရေကြီးနစ်မြုပ်မိုးစပါးများ အမြန်ဆုံးပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များနှင့် အခက်အခဲများကို မေးမြန်းအားပေးရာ တောင်သူများ၏ တင်ပြချက်အရ လိုအပ်သော မျိုးစပါးများအား အမြန်ဆုံးဖြည့်ဆည်းကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)