ကလေးဝမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ

ကလေးဝ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာမ နိုဝင်ဘာနှင်းက စာကြည့်တိုက်ကို သွားကြစို့နှင့် စာရေးဆရာ မောင်သောင်းထိန်(ချင်းတွင်း)က စာဖတ်ကြပါစို့ ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့သည်။

 ဆက်လက်၍ စာပဒေသာဝေဆာစေမည် ဗွီဒီယိုကလစ်ကိုပြသခဲ့ပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် စကားပုံဆက်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အ‌ခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း စာကြည့်တိုက်များတွင် အသုံးပြုရန်အတွက် သုတ၊ ရသစာအုပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)