မြိတ် ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၉)နာရီက မြိတ်တက္ကသိုလ် တည်ဆောက်လျက်ရှိသည့် ဓမ္မာရုံ၏ မြန်မာမှုလုပ်ငန်းများနှင့် အချောသပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြသည်။
လှူဒါန်းပွဲတွင် ဝန်ကြီးချုပ်ဦးမြတ်ကိုက မြိတ်တက္ကသိုလ် ဓမ္မာရုံတွင် ဘာသာရေးနှင့်ပတ်သက်၍ ပွဲတော်များကို ဆရာ/မများနှင့် ကျောင်းသား/သူများ ခမ်းနားထည်ဝါစိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာမှုလုပ်ငန်းများနှင့် အချောသပ်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အလှူငွေများလှူဒါန်းပေးခြင်းဖြစ်ပြီး ဓမ္မာရုံတည်ဆောက်ရေးလုပ်ငန်းများပြီးစီးအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ဓမ္မာရုံအချောသပ်တည်ဆောက်ရေးလုပ်ငန်းအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် လှူဒါန်းငွေ ကျပ်သိန်း(၅၇၀)ကို ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် စေတနာရှင်အလှူရှင်များက ပေးအပ်ခဲ့ကြရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်ဓမ္မာရုံ တည်ဆောက်ပြီးစီးမှုအား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ တက္ကသိုလ်ဓမ္မာရုံသည် အလျား(၁၃၈)ပေ၊ အနံ(၄၆)ပေ၊ အမြင့်(၁၂)ပေ RC တစ်ထပ်အဆောက်အဦဖြစ်ပြီး အဆောက်အဦ အကြမ်းထည် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်ကာ မြန်မာမှုလုပ်ငန်း၊ လျှပ်စစ်မီးလုပ်ငန်း၊ ဓမ္မာရုံဝန်းကျင်သာယာလှပရေးနှင့် အချောသပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )