လှိုင်းဘွဲမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

လှိုင်းဘွဲ ဩဂုတ် ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများရရှိစေရန်အတွက် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့(ဂ)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဒီမွန်ကျော်က ကျောင်းသားလူငယ်များသည် တိုင်းပြည်၏အနာဂတ်ဖြစ်ပြီး ဘက်စုံထူးချွန်သော လူငယ်များဖြစ်လာစေရန်လိုအပ်ကြောင်း၊ စာပေ၊ ဗဟုသုတသည် လူသားတိုင်းအတွက် ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကပင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းရှိမှသာ အနာဂတ်ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်လာမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ တွန်းအားပေးချက်များ၊ ကာကွယ်တားဆီးရေးဆိုင်ရာ နည်းဗျူဟာများ၊ သတိပြုရမည့်အချက်များ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည့်အချက်များစသည့် လူကုန်ကူးမှုပတ်သက်၍ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)