လှိုင်းဘွဲ ဩဂုတ် ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော Mpox(မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဆွေးနွေးကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ကုသရေးဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေထုတ်ပြန်ချက်၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပျိုးရက်များ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများအကြောင်း၊ ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲဖြစ်စဉ်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာလုပ်ငန်းများ၊ သံသယလူနာများအား သီးခြားထားရှိခြင်း၊ ကုသခြင်း၊ ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများ၊ ကျေးရွာများတွင် တာဝန်ထမ်းဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ ဒေသနေပြည်သူများ အမြန်ဆုံးသိရှိနိုင်စေရန်အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လူစည်းကားရာနေရာများတွင် လက်ကမ်းစာစောင်စသည့် အသိပညာပေးခြင်း၊ အခြေခံပညာကျောင်းများတွင် ဆင့်ပွားအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းစသည့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်( ပြန်/ဆက်)