မြဝတီ ဩဂုတ် ၂၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေးနှင့် ပြင်ပစာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့က မြဝတီမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစံဝင်းကြည်က အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာဖြူဝင်းက လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူအချင်းချင်း အတွေးအခေါ်ဖလှယ်တတ်စေရန်၊ လူအများရှေ့၌ ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ပြင်ပစာပေဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပေးသည်။
ထို့နောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာအေးက ဦးဆောင်ဆွေးနွေး သူအဖြစ်ဆောင်ရွက်ပေးပြီး Grade-11 မှ မချစ်စုဝေက လူငယ်နှင့်သဘာဝပတ်ဝန်းကျင်၊ မငြိမ်းမို့မို့လွင်က လူငယ်နှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ မချယ်ရီငြိမ်းက လူငယ်နှင့်မူးယစ်ဆေးအန္တရာယ် တို့ကာကွယ်၊ မောင်သန့်ဇင်က လူငယ်နှင့်စာရိတ္ထပညာ၊ မသိမ့်ဝါဝါလွင်က လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်စို့ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ကဏ္ဍအလိုက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေးသည်။
ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဌေးအောင်ကအားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာကြီး ဦးစံဝင်းကြည်အား ပေးအပ်လှူဒါန်းပေး၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီးနောက် ဗဟုသုတဖြစ်ဖွယ်နံရံကပ်စာစောင်များနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် သုတ/ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)