ပန်းတောင်း သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းသားလူငယ်မောင်မယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားစေလာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြို ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများအား ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲများတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ကြရာ ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး၊ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၅၃)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိကြသူများအတွက် ဆုချီးမြှင့်ပွဲကို မကြာမီ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းသားကျောင်းသူများ၏ ကဏ္ဍအလိုက်ပါဝင်ယှဥ်ပြိုင်မှု အခြေအနေအားအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအေးကြိုင်၊ မြို့နယ်ပညာရေးမှူးဦးသိန်းဒန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဆက်လက်ပြီး အခမ်းအနားတွင် ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)