မင်းလှ ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.ထ.က သရက်တပင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှေက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဝေငြိမ်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း ဟောပြောခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးဝင်းပိုင်က မူးယစ်ဆေးဝါးများ၏ အန္တရာယ်ဆိုးကျိုးများအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများအား projector ဖြင့် ပြသအသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှေက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့သည်။
အလားတူ အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)