ပခုက္ကူ ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ဒေါက်တာဌေးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပခုက္ကူမြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာမ ခင်မြတ်နွယ်(ပခုက္ကူ)က စာရေးဆရာမကြီး ခင်ဆွေးဦးရေးသားထုတ်ဝေထားသော “အင်ကြင်းရဂုံ”စာအုပ်အကြောင်း ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ၊ ဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)