ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ဘားအံ ဩဂုတ် ၂၄

ကရင်ပြည်နယ်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(ဘားအံ)ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ နည်းပညာတက္ကသိုလ်(ဘားအံ)မှ ကျောင်းသား/ကျောင်းသူလေးများက အလှဆုံးပန်းများပွင့်ကြပြီတေးသီချင်းဖြင့် အခမ်းအနားကိုသီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စာဖတ်များသည့် လူငယ်များသည် လူ့အဖွဲ့အစည်းကိုကောင်းကျိုးပြုနိုင်သော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်နိုင်သော အနာဂတ်ကိုပိုင်စိုးမည့် လူငယ်များဖြစ်လာကြမည်ဖြစ်ပြီး အထူးသဖြင့် ပညာတတ်လူငယ်များပေါများသည့်နိုင်ငံများသည် တိုးတက်မှုကို မြန်မြန်ဆန်ဆန်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဘဝတိုးတက်အောင်မြင်ပြီး ကြွယ်ဝချမ်းသာသူအများအပြားရှိကြပြီး အောင်မြင်သူအများစုသည် ၎င်းတို့၏အားလပ်ချိန်များကို စာဖတ်ခြင်းဖြင့်ကုန်ဆုံးလေ့ရှိကြကာ စာဖတ်ရှိန်မြင့်မားလာသည်နှင့်အမျှ စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာခြင်းနှင့်အတူ စာကြည့်တိုက်များ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(ဘားအံ)တွဲဖက်ပါမောက္ခ(မြန်မာစာ)ဒေါ်သဲသဲအိက စာဖတ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ဦးငွေသန်း ကထိက(ငြိမ်း)က စာပေကျေးဇူးပညာရေးနှင့် သမိုင်းသင်ခန်းစာတို့ကို စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့ကြသည်။

ယင်းနောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့ပြီး သုတဝေဖြာမျှဝေရာပညာဘဏ်တိုက်စာကြည့်တိုက် Video Clip ကို ကြည့်ရှုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပေးကြသည့် ဆရာ၊ ဆရာမများကိုလည်းကောင်း၊ ဒိုင်အဖွဲ့များကိုယ်စားဒိုင်တစ်ဦးအားလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အေးချမ်းသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲ၊ သုတ၊ ရသ စာအုပ်စာစောင်များ၊ ပုဂ္ဂလိကစာအုပ်အရောင်းဆိုင်များမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာကြည့်ရှုလေ့လာနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ဘားအံ)၏ ကျောင်းစာကြည့်တိုက်သို့သွားရောက်ပြီး စာအုပ်၊ စာစောင်များနှင့် စာဖတ်၊ စာငှားနေမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကိုအသုံးပြုနေမှုအခြေအနေများ၊ ကွန်ပျူတာခန်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းစာကြည့်တိုက်အတွက် ငွေကျပ် သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)