ဟင်္သာတမြို့နယ်၌ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြု လယ်ယာသုံးစက်ကိရိယာပစ္စည်းများ အသုံးပြုနည်း၊ ပြုပြင်နည်း သင်တန်းဆင်းပွဲ ကျင်းပ

ဟင်္သာတ သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန(ဟင်္သာတ)တို့ ပူးပေါင်းဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာပစ္စည်းများအသုံးပြုနည်း၊ ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ဟင်္သာတမြို့နယ် အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးမျိုးနိုင်က သင်တန်းဖွင့်လှစ်ပေးခဲ့မှုအခြေအနေများ၊ သင်တန်းသားများ၏ သင်ကြားသင်ယူမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြင့်စိုး၊ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးမျိုးနိုင်နှင့် ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သင်တန်းကို သင်တန်းသား ၂၀ ဦးဖြင့် သင်တန်းကာလ ၁၂ ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)