ကော့သောင်း ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီခန့်က ရန်ကြီးအောင်မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ပြိုင်ပွဲဝင်ဘောလုံးအားကစားအသင်းများ ကွင်းအတွင်းနေရာယူပြီး စစ်ကြောင်းမှူးမှ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုခြင်းနှင့် အတန်းအပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းနောက် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲဝင်ဘောလုံးအားကစားအသင်းများမှ အားကစားအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်ဘောလုံးအားကစားအသင်းများအား စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက လိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲဝင်ဘောလုံးအားကစားအသင်းများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဌာနပေါင်းစုံအသင်းနှင့် ပုလုံးတုံတုံးအသင်းတို့မှ ပထမပွဲစဉ်အဖြစ် ကွင်းဖွင့်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအလွတ်တန်းဘောလုံးအားကစားပြိုင်ပွဲ၌ အုပ်စု (က)တွင် ဌာနပေါင်းစုံ၊ အောင်သုခ၊ ဘုရင့်နောင်၊ ပုလုံးတုံတုံး အသင်း (၄)သင်း၊ အုပ်စု(ခ)တွင် သီရိမြိုင်၊ ရွှေဇင်ယော်၊ အေးရိပ်ငြိမ်၊ မလိဝမ်းအသင်း (၄)သင်း၊ အုပ်စု(ဂ)တွင် ရွှေပြည်သာ၊ ပိတောက်ရွှေဝါ၊ အေးမြကန်သာ၊ ချမ်းဖန်း၊ ရွှေဟင်္သာအသင်း (၅)သင်း၊ အုပ်စု(ဂ)တွင် ရွှေပြည်စိုးအဏ္ဏဝါ၊ ဘန်းကချွန်၊ ဆယ်မိုင်နှင့် တပ်နယ်အသင်း (၅)သင်း စုစုပေါင်း ပြိုင်ပွဲဝင်ဘောလုံးအားကစား အသင်း (၁၈)သင်းတို့က ပွဲစဉ်များအလိုက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)