ထားဝယ်မြို့တွင်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၉/၂၀၂၄) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ထားဝယ် ဩဂုတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ထားဝယ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူပေါင်း၍ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် (၉/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းက ဒေသခံပြည်သူလူထုများ၏ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိနိုင်စေရန်၊ မိသားစုဝင်ငွေ တိုးတက်မှုများ ရရှိလာစေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်လာနိုင်စေရန်၊ အရည်အသွေး ကောင်းမွန်စွာ ထုတ်လုပ်ပြီး သင်တန်းမှ ရရှိသော နည်းပညာများကို အသုံးပြု၍ အိမ်တွင်းမှုလုပ်ငန်းများ ထူထောင်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် လိုအပ်သော နည်းပညာများ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်အောင်က သင်တန်းတွင် သင်ကြားပေးသော ဘာသာရပ်များသည် လက်တွေ့အသုံးဝင်သော ပညာရပ်များဖြစ်သဖြင့် မိသားစုဝင်ငွေတိုးစေပြီး လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်သဖြင့် သင်တန်းသား/သူများအားလုံး ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း  ပြောကြားသည်။

သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော် ဆပ်ပြာဆီပြုလုပ်နည်း၊ လက်ဆေးဆပ်ပြာဆီပြုလုပ်နည်း၊ ဖယောင်းတိုင် အကြည်အနောက် ပြုလုပ်နည်း၊ မှန်ကြည်ဆေးပြုလုပ်နည်း၊ မျက်နှာသစ်ဆပ်ပြာခဲပြုလုပ်နည်း၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခရင်မ်ပြုလုပ်နည်း၊ အထည်အမွှေးဆီပြုလုပ်နည်း၊ ဆံပင်ပေါင်းဆေးဆီ၊ Herbal Scrub အမျိုးမျိုး၊ Hair CoatFace Scrub ပြုလုပ်နည်း၊ ဆံသားနှပ်ဆီနှင့် ကမ်းဇော်ပရုပ်ဆီတို့ အပါအဝင် နေ့စဉ်အသုံးပြုနေသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နည်းတို့အပြင် လူသုံးကုန်တွင် ပါဝင်သော ဓါတုပစ္စည်းများအကြောင်း သိရှိနိုင်ရန်အတွက်လည်း သင်ကြားဆွေးနွေးခြင်းနှင့်အတူ ဘာသာရပ်များကို တာဝန်ရှိသူများက သင်တန်းသား(၂၅)ဦးအား ဩဂုတ် ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရသည်။

ငွေဇင်ယော်(ထားဝယ်)