ရေတာရှည် သြဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ရေတာရှည်)တွင် ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကား ပြောကြားပြီး တောင်ငူခရိုင် လူမှူဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမားများ ဖြစ်ပေါ်လာပုံနှင့် ကုစားရေး နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းကြီး (၈)ရပ်နှင့် ကလေးငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရပိုင်ခွင့် အခွင့်အရေးများ၊ ဆိုင်ရှင်၊ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များ၊ ဆက်စပ်ဌာနများနှင့် လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်း၍ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး ရေတာရှည်မြို့နယ် ဆရာဝန်ကြီးဒေါက်တာနန္ဒာညီဆွေက မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းထက်နိုင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)