သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က) သရက်ချောင်းကျောင်း၌ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

သရက်ချောင်း ဩဂုတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က) သရက်ချောင်း ကျောင်းပညာရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာကြူနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများက "ပညာသည်သာ ရတနာဖြစ်သည်"သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ​ဦးမိုးထွေးဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ဦးတည်ချက် (၉)ရပ်မှ လူမှုရေးဦးတည်ချက်တွင် ပါဝင်သော နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် KG မှ Grade-12အထိ ဘာသာရပ်အလိုက် ကျောင်းသား/သူများအား လွယ်ကူရှင်းလင်းစွာ သင်ကြားစေလိုကြောင်း၊ မိဘများအနေဖြင့် ကျောင်းနေရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးနှင့် အတန်းပြီး‌မြောက်အောင် ပညာသင်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ပံ့ပိုးပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပညာရေးမှူး ဒေါ်စန်းမွှေးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတိုင်း၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည် ချွန်ဆုချီးမြှင့်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်းနှင့် လမ်းညွှန်အမှာစကား ပြောကြားခြင်းပြီး သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက အခမ်းအနားသို့ ‌တက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် ကျောင်း၏ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က) သရက်ချောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မိဘဆရာအသင်း အလုပ်အမှုဆောင် အဖွဲ့အသစ်ကို ဖတ်ကြားတင်သွင်းကာ အတည်ပြုချက်ရယူခြင်း၊ တက်ရောက်လာသော ကျောင်းသားမိဘများက ကျောင်း၏ လိုအပ်သည်များနှင့် ရှေ့‌‌လျှောက်လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်းကို အကြံပြုဆွေးနွေးခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် အတန်းလိုက် ပထမ၊ ဒုတိယ၊ တတိယရရှိသည့် ကျောင်းသား/သူများအား သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့် ဆရာ/ဆရာမများက ဂုဏ်ပြုဒိုင်းဆုများ ချီးမြှင့်ပေးခြင်း၊ အဆိုပါ နှစ်ပတ်လည် အခမ်းအနားအတွက် အလှူ‌ငွေလှူဒါန်းပေးသော ကျောင်းသားမိဘများအား (အ-ထ-က) သရက်ချောင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာကြူက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများက "ရွှေမြန်မာ" သီချင်းဖြင့်လည်ကောင်း၊ "ရွှေရတုကျောင်းတော်" သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)