ကြံခင်းမြို့နယ် အ.မ.ကမြို့မမြောက်ကျောင်း၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုများပြုလုပ်

ကြံခင်း ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ မြို့မရပ်ကွက်၊ (အ.မ.က)မြို့မမြောက် စာသင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ (အ.မ.က)မြို့မမြောက်ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကေသွယ်ရှင်းက ကျောင်းသား/သူများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေးအတွက် မြို့နယ်ကျန်းမာရေးမှ တာဝန်ရှိသူများက စစ်ဆေးခြင်းအား လိုက်နာဆောင်ရွက်ကြရန်ပြောကြားပြီး၊  မြို့နယ်ကျောင်းကျန်းမာရေးအဖွဲ့မှ ဘက်စုံသားဖွားဆရာမ ဒေါ်ဝင်းဝင်းကြည်က တစ်ကိုယ်ရည် သန့်ရှင်းရေး လေ့ကျင့်စဉ်(၁၀)ချက်နှင့် အာဟာရဖွံဖြိုးမှုအတွက် အစာအုပ်စုအလိုက်စားသုံးခြင်း၊ ဝမ်းပျက်ဝမ်းလျှော မဖြစ်ပွားရေးအတွက် ယင်နားစာများရှောင်ရှားရန်၊ မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများအားလည်းကောင်း၊ မြို့နယ်သူနာပြုအဆင့်(၁)ဦးအေးနိုင်က သွားကျန်းမာရေးနှင့်ပတ်သက်သည့် အခြေခံအချက်(၃)ချက်နှင့် ကာကွယ်ခြင်းအား ရှင်းလင်းပြောကြားသည်။

ထို့နောက်ကျောင်းကျန်းမာရေးအဖွဲ့များမှ ကျောင်းသား/သူ(၇၀)ဦးအား ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ တကိုယ်ရည်သန့်ရှင်းရေးစစ်ဆေးပေးခြင်း၊ အထွေထွေ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးမဖြစ်စေရေး စစ်ဆေးကြပြီး သွားကျန်းမာမှုမရှိသော ကျောင်းသား/သူများအား သွားဆရာဝန် ဒေါက်တာစောထူးသာမှ ဆေးကုသပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)